တားဆေးသောက်တော့မယ်ဆိုရင် ဒါတွေကို သိထားဖို့ လိုပါမယ်
တားဆေးတွေ အများကြီး ရှိတဲ့ အထဲမှာမှ လူသုံးအများဆုံးနဲ့ အဆင်အပြေဆုံး သားဆက်ခြားနည်း တစ်မျိုးက တစ်နေ့တစ်လုံး ပုံမှန်လေး သောက်ရတဲ့ တားဆေး သောက်ဆေးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက် ကာလတွေကတည်း FDA က အသိအမှတ် ပြုပေးခဲ့တဲ့ တားတေးသောက်ဆေးတွေက လူကြိုက်များသလို ထိထိရောက်ရောက်လည်း သားဆက်ခြားပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နိုင်တဲ့အရွယ် အမျိုးသမီးတွေရဲ့ ၈၂ ရာခိုင်နှုန်းလောက်ကလည်း သားဆက်ခြားနည်းလမ်းတွေ အများကြီး ရှိတဲ့အထဲကမှ သားဆက်ခြား သောက်ဆေးကို အသုံးပြုကြတာပါ။
- တားဆေး သောက်ဆေးမှာ ဘာတွေပါသလဲ
တားဆေး သောက်ဆေးမှာ ကိုယ်ဝန် မရရှိအောင် တားဆီးပေးနိုင်တဲ့ အီစထရိုဂျင် ဟော်မုန်းနဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေ ပါဝင်နေပါတယ်။ ဟော်မုန်း တစ်မျိုးတည်း ပါတဲ့ ဆေးရှိသလို ဟော်မုန်း ၂ မျိုး ပေါင်းစပ် ပါဝင်နေတဲ့ ဆေးတွေလည်း ရှိပါတယ်။
- တားဆေး ဘယ်လို ကိုယ်ဝန်တားပေးတာလဲ
ဆေးထဲမှာပါတဲ့ ဟော်မုန်းတွေက မျိုးဥအိမ်ထဲက ထုတ်လွှတ်လိုက်တဲ့ သားဥတွေကို ထိန်းသိမ်းပေးသလို သားအိမ်ခေါင်းဝ အချွဲမြှေးကို ထူစေတဲ့ နည်းနဲ့ သားအိမ်ထဲကို သုက်ကောင်တွေ မဝင်ရောက်နိုင်အောင် တားဆီးပေးပါတယ်။
- တားဆေးက လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို မတားဆီးပေးနိုင်ပါဘူး
တားဆေးက မလိုချင်တဲ့ ကိုယ်ဝန်တွေ မရရှိအောင် တားဆီးပေးနိုင်ပေမယ့် လိင်ကတဆင့် ကူးစက်နိုင်တဲ့ ကူးစက်ရောဂါတွေကိုတော့ မတားဆီးပေးနိုင်ပါဘူး။ ဒီလို ရောဂါတွေကို တားဆီးဖို့ဆိုရင် ကွန်ဒုံး သုံးဖို့ လိုပါမယ်။
- တားဆေးက ရာနှုန်းပြည့် သန္ဓေမတားနိုင်ပါဘူး
သန္ဓေတား သောက်ဆေးက ကိုယ်ဝန်မရရှိအောင် တားဆီးပေးနိုင်စွမ်းက ၉၉% သာ ရှိပြီး ရာနှုန်းပြည့် တားဆီးပေးနိုင်တာမျိုး မရှိပါဘူး။ တားဆေးကို သောက်ပြီး ထိထိရောက်ရောက် အာနိသင် ရဖို့ဆိုရင်ဆေးကို နေ့တိုင်း အချိန်မှန်မှန် သောက်ဖို့ လိုပါမယ်။
- စစသောက်ချင်း အာနိသင် မရပါဘူး
သန္ဓေတား သောက်ဆေးက စစသောက်ချင်းမှာ အာနိသင် မရနိုင်ပါဘူး။ စသောက်ပြီး ၅ ရက်လောက်နေမှ ကိုယ်ဝန်တားနိုင်မယ့် အာနိသင်ကို ရရှိမှာပါ။
- ကိုယ်ဝန်ကာကွယ်ဖို့အပြင် ဒီအခြေအနေတွေအတွက် သောက်လို့ ရပါသေးတယ်
သန္ဓေတား သောက်ဆေးတွေကို ကိုယ်ဝန်တားဖို့အပြင် သွေးဆင်းများတာကို သက်သာစေဖို့၊ ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့၊ ရာသီအကြိုလက္ခဏာတွေ သက်သာစေဖို့၊ ဝက်ခြံ သက်သာစေဖို့၊ အချို့သော ကင်ဆာတွေ ခံစားရနိုင်ခြေကို လျှော့ချဖို့ အသုံးပြုကြပါတယ်။
- ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာ သတိပြုပါ
သန္ဓေတားဆေး သောက်တာက မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးပေးတယ်ဆိုပေမယ့် ဆေးရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ ရင်သားတွေ တင်းပြီး နာတာ၊ သွေးဆင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။
မွန်မွန်